Monday, January 14, 2013

ပဋိညာဉ် ပြုလုပ်ခြင်း

 ပဋိညာဉ် ပြုလုပ်ခြင်း

ဥပဒေအရ အတည်ဖြစ်သော ပဋိညာဉ်ဖြစ်စေရန် အချက် (၄) ချက် ပြည့်စုံရန် လိုအပ်ပါသည်။

(၁) ပဋိညာဉ်ပြုသူသည် ပဋိညာဉ်ပြုလုပ်နိုင်သူဖြစ်ရမည်။

(၂) ပဋိညာဉ်ပြုသူတို့ သည် လွတ်လပ်သော သဘောတူညီချက် ရှိရမည်။

(၃) ပဋိညာဉ်အတွက် ဥပဒေနှင့် မဆန့်ကျင်သော အဘိုးစားနား ရှိရမည်။

(၄) ပဋိညာဉ်ပြုသူတို့၏ ရည်ရွယ်ချက်သည် ဥပဒေနှင့်ညီညွတ်ရမည်။


ဥပဒေအချို့တွင် ပဋိညာဉ်ကို စာဖြင့်ရေးရမည် ဟုပြဋ္ဌာန်းထားပါသည်။

၁၈၇၅ ခုနှစ်၊ ဥပဒေအမှတ် ၉ အရွယ်ရောက်ခြင်းအက်ဥပဒေ ပုဒ်မ (၃) အရ အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်းသည် အရွယ်ရောက်ပြီးသူ စိတ်ကောင်း ရှိသူဖြစ်ပြီး ရူးသွပ်သူ မဖြစ်စေရဟူ၍ ပြဋ္ဌာန်းပါရှိပါသည်။ ဥပဒေ၏ သဘောသည်တိကျမှန်ကန်သည်။ စိတ်ရောဂါကု ဆေးရုံတွင် ကုသနေသူတစ်ဦးသည် စိတ်ဖောက်ပြန်နေသဖြင့် သာမန်အားဖြင့် ပဋိညာဉ်ပြုလုပ်နိုင်သူမဟုတ်ပေ။ သို့သော် ထိုသူ စိတ်ကောင်းဝင်ချိန် တွင် ၎င်းနှင့်ချုပ်ဆိုသော ပဋိညာဉ်သည် တရားဝင် အတည်ဖြစ်သည်။ စိတ်ကောင်းရှိသူသည်လည်း အဖျားရောဂါကြီး၍ ငန်းဖမ်းဝင်နေချိန်တွင် လည်းကောင်း၊ အရက်အလွန်အကျွံ မူးရစ်နေစဉ်တွင် လည်းကောင်း၊ မိမိပြုလုပ်မှုမှာ မည်သို့အကျိုးသက်ရောက်မှုရှိသည်ကို ဝေဖန်ပိုင်းခြားမှုမရှိနိုင်ချိန် တွင် ပဋိညာဉ်စာချုပ်ပြုလုပ်ပါက တရားမ၀င်ပေ။ ထို့ကြောင့် မိမိနှင့် စာချုပ်ချုပ်ဆိုမည့်သူသည် စိတ်ကောင်းရှိသူ ၊ မိမိပြုလုပ်မှုမှာ မည်သို့ အကျိုးသက်ရောက်မှုရှိသည်ကို ဝေဖန်ပိုင်းခြားနိုင်မည့်သူဖြစ်ရန်လိုအပ်ပါသည်။
 
 စာချုပ်ချုပ်ဆိုသူနှစ်ဦးနှစ်ဖက် လွတ်လပ်စွာသဘောတူညီခြင်းဆိုသည်မှာ စာချုပ်ပါအကြောင်းအရာ များအပေါ် နှစ်ဦးနှစ်ဖက်လုံးမှ တစ်ညီတစ်ညွတ်တည်း နားလည်သဘောတူညီခြင်းကိုဆိုလိုပါသည်။ ပဋိညာဉ်စာချုပ်ချုပ်ဆိုရန် အဆိုပြုသူမှ အဓိပ္ပာယ်တစ်မျိုးဖြင့် စာချုပ်ချုပ်ဆိုခဲ့ပြီး အခြားတစ်ဖက်က အခြားအဓိပ္ပာယ်တစ်မျိုးဖြင့် နားလည်လက်ခံခြင်းဖြစ်ပါက နှစ်ဦးနှစ်သဘောတူညီညွတ်ခြင်းမရှိသဖြင့် အထမြောက်သော ပဋိညာဉ်စာချုပ်ဟု မဆိုနိုင်ပေ။ စာမတတ်သူအား ပဋိညာဉ်စာချုပ်ကိုဖတ်ပြရာ၌ အမှန်ကိုဖတ်မပြဘဲ လွဲမှားစွာဖတ်သဖြင့် လက်မှတ်ရေးထိုးခဲ့ရလျှင် ထိုပဋိညာဉ်စာချုပ်သည် အတည်မဖြစ်ပေ။ နိုင်ငံခြားသားများ၊ နိုင်ငံခြားအဖွဲ့အစည်းများနှင့် စာချုပ်များချုပ်ဆိုဆောင်ရွက်သည့် အခါ မြန်မာဘာသာ ၊ စာချုပ်ချုပ်ဆိုမည့်နိုင်ငံခြားသားလူမျိုး၏ ဘာသာစကားစာအပြင် နိုင်ငံတကာမှ လက်ခံကျင့်သုံးသော အင်္ဂလိပ်ဘာသာတို့ဖြင့် ပဋိညာဉ်စာချုပ်ချုပ်ဆိုရမည်ဖြစ်ပြီး စာချုပ်ပါ အကြောင်းအရာများနှင့် ပတ်သက်၍ သဘောကွဲလွဲမှုများဖြစ်ပေါ်လာပါက အင်္ဂလိပ်ဘာသာဖြင့် ချုပ်ဆိုသော စာချုပ်သည်အတည်ဖြစ်ပါသည်။ အာမခံပေးရမည့်စာချုပ်ချုပ်ဆိုရာတွင် သက်သေအဖြစ် လက်မှတ်ထိုးပေးပါဟု လိမ်လည်၍ လက်မှတ်ထိုးခိုင်း သောကြောင့် လက်မှတ်ထိုးသူကလည်း သက်သေအဖြစ်လက်မှတ်ထိုးပေးလိုက်သည်။ ထိုသို့လက်မှတ်ထိုးသူ အပေါ် အာမခံသူအဖြစ် အရေးယူခြင်း မပြုနိုင်ပေ။

ပဋိညာဉ်စာချုပ်ချုပ်ဆိုရာတွင် လူတစ်ဦးက မချုပ်ဆိုချင်ပါဘဲနှင့် အတင်းအဓမ္မခြိမ်းခြောက်ခြင်း ၊ အနိုင်အထက်ပြုခြင်းကြောင့် ချုပ်ဆိုရခြင်းဖြစ်ပါက လွတ်လပ်သော သဘောဆန္ဒဖြင့် ချုပ်ဆိုခြင်းမဟုတ်၍ တရားဝင်ပဋိညာဉ်စာချုပ်မဟုတ်ပေ။ ခြိမ်းခြောက်ခြင်း ဆိုရာ၌ ခြိမ်းခြောက်ခြင်းခံရသူ၏ မိဘ၊ ဇနီး၊ ခင်ပွန်း၊ သားသမီးအား နစ်နာစေမည်ဟုခြိမ်းခြောက်ခြင်းလည်း ပါဝင်သည်။

မတရားသြဇာသုံးခြင်းဖြင့် ပဋိညာဉ်စာချုပ်ချုပ်ဆိုစေခြင်းသည်တရားမ၀င်ပေ။ ရောဂါဝေဒနာ အကြီးအကျယ် ခံစားနေရသူ မောင်ဖြူအား ကုသသူဆရာဝန် မောင်မဲသည် မောင်ဖြူအပေါ် သြဇာရှိသည့် အလျောက် ဆေးကုသခကို ထိုက်သင့်သည်ထက် ပိုပြီး ငွေအမြောက်အများပေးရန် သွေးဆောင်လျှင် မတရားသြဇာသုံးရာရောက်ပေသည်။

လိမ်လည်လှည့်ဖြား၍ ချုပ်ဆိုသော ပဋိညာဉ်စာချုပ်သည်လည်းတရားမ၀င်ပေ၊ မဟုတ်မမှန်သော အကြောင်းခြင်းရာ ကို ဟုတ်မှန်ကြောင်း မယုံကြည်ပါဘဲနှင့် ဟုတ်မှန်သည်ဟု လိမ်လည်ပြောဆိုခြင်းသည် လိမ်လည်လှည့်ဖြားခြင်း ဖြစ်သည်။ အသက်အာမခံထားသူသည် မိမိ၏အသက်နှင့် ရောဂါစွဲကပ်ဖူးခြင်းရှိမရှိ ကိုကိုယ်တိုင်သိရှိပါလျက် ယင်းအချက်အလက်များကို လိမ်လည်ပြီး အသက်အာမခံရယူခဲ့လျင် လိမ်လည် ရယူခြင်းဖြစ်၍ တရားမ၀င်ပေ။

အမှန်ကိုမသိအောင် ဖုံးကွယ်ခြင်းဖြင့် ထိန်ဝှက်၍ ပြုလုပ်ချုပ်ဆိုသော ပဋိညာဉ်စာချုပ်သည်တရားမ၀င်ပေ ၊ ဥပမာအားဖြင့် မောင်ဖြူသည် နံရံတွင်ချို့ယွင်းချက် ဖုံးကွယ်၍ ရောင်းချခြင်းသည် လိမ်လည်ခြင်းဖြစ်သည်။

ကုန်သည် မောင်ဖြူနှင့် မောင်မဲတို့သည် အရောင်းအ၀ယ် ပဋိညာဉ်စာချုပ်ပြုလုပ်ကြစဉ်၊ မောင်ဖြူသည် ကုန်ဈေးနှုန်းပြောင်းလဲကြောင်း တိတ်တဆိတ် သတင်းရရှိသည်၊ ထိုသတင်းကို မောင်မဲသိလျှင် ပဋိညာဉ်စာချုပ်ကို ဆက်လက်ဆောင်ရွက်ရန် ဆန္ဒမရှိစေကာမူ မောင်ဖြူသည် ထိုသတင်းကိုမောင်မဲအား ဖွင့်ပြောရန်တာဝန်မရှိပေ။

တလွဲပြောဆိုခြင်းဖြင့် ချုပ်ဆိုသောစာချုပ်သည်လည်း တရားမ၀င်ပေ၊ လိမ်လည်ပြောဆိုခြင်းနှင့် တလွဲပြောဆိုခြင်းသည် ခြားနားသည်။ လိမ်လည်ပြောဆိုရာတွင် ပြောဆိုသူသည်မှန်ကန်ခြင်းမရှိသည်ကို သိလျက်နှင့် မှန်ကန်သည်ဟုတမင်ပြောဆိုခြင်းဖြစ်သည်။ အလွဲပြောဆိုခြင်းဆိုရာတွင် အလွဲပြောဆိုရာတွင် အလွဲပြောဆိုသူသည် မှန်ကန်ကြောင်းကို ယုံကြည်ရန်အကြောင်းမရှိဘဲ မှန်ကန်သည် ဟုပြောဆိုခြင်းဖြစ်သည်။ မိမိကိုယ်တိုင်က အိမ်ပိုင်ရှင်မဟုတ်ဘဲ အိမ်ငှားဖြစ်ပါလျက် အိမ်ပိုင်ရှင်ဖြစ်သည် ဟုပြောဆိုရောင်းချလျင် အလွဲပြောဆိုခြင်းဖြစ်၍ အတည်မဖြစ်ပေ။ အရောင်းအ၀ယ်ပြုစဉ်ကချုပ်ဆိုသည့် စာချုပ်တွင် ဖော်ပြထားသော ပစ္စည်းနှင့် အမှန်တကယ်ရရှိသောပစ္စည်းတို့ လုံးဝမတူညီဘဲ ကွဲပြားခြားနားနေပါက အလွဲပြောဆိုခြင်းဖြစ်၍ အတည်မဖြစ်ပေ။

ပဋိညာဉ်စာချုပ်သည် ဥပဒေနှင့်မညီညွတ်သော အဘိုးစားဖြစ်ပါက ယင်းပဋိညာဉ်စာချုပ်သည် ပျက်ပြယ်သည်။ မောင်ဖြူသည် မိမိပိုင် တိုက်ခန်းကို ငွေကျပ်သိန်း ၁၀၀ နှင့်မောင်မဲကိုရောင်းချရန် သဘောတူစာချုပ်ချုပ်ဆို ရောင်းရာတွင် ငွေကျပ်သိန်း ၁၀၀ သည် ဥပဒေနှင့်ညီညွတ်သော အဘိုးစားနားဖြစ်သည်။ မောင်ဖြူက မောင်မဲအားပြည်သူ့ဝန်ထမ်းရာထူးတစ်နေရာရှိရန် ဆောင်ရွက်ပေးမည်ဟု ကတိပြု၍ မောင်မဲက မောင်ဖြူအားငွေကျပ်တစ်သိန်းပေးမည်ဟု ကတိပြုသည်။ ယင်းသဘောတူ စာချုပ်သည် ဥပဒေနှင့်မညီသော အဘိုးစားနား ဖြစ်၍ စာချုပ်ပျက်ပြယ်သည်။ မောင်ဖြူသည် မိမိအိမ်ကိုပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ရန် အတွက်ငှားရမ်းရာ မောင်မဲက အိမ်ငှားရမ်းခ စပေါ်ငွေ ကျပ်တစ်သိန်းပေးရန် သဘောတူစာချုပ်ဆိုသည်။ ထိုစာချုပ်သည် ဥပဒေနှင့်မညီသော အဘိုးစားနားဖြစ်သဖြင့် မောင်ဖြူသည် ထိုစာချုပ်ပါ ငွေကျပ်တစ်သိန်းကို မောင်မဲထံမှ တရားစွဲဆိုတောင်းခံနိုင်မည်မဟုတ်ပေ။ အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးအား ငှင်း၏ခင်ပွန်းနှင့် ကွာရှင်းပြီးပါက မိမိနှင့်လက်ထပ်ရန်သဘောတူညီပြီး ကွာရှင်းမှုစွဲဆိုရာတွင် လိုအပ်သောငွေကြေးများကို ထုတ်ပေးခဲ့သည်။ ထိုအမျိုးသားသည် ထိုအမျိုးသမီးထံမှ ထုတ်ပေးခဲ့သောငွေကိုပြန်လည် တောင်ခံ ခွင့်မရှိပေ။ ယင်းသဘောတူညီချက်သည် အကျင့်စာရိတ္တပျက်ပြားစေသော သဘောတူညီချက်ဖြစ်၍ ပဋိညာဉ်ဥပဒေပုဒ်မ ၂၃ အရ ပျက်ပြယ်သည်။ ကုန်စည်များရောင်းဝယ်ရာ၌ ကုန်သည်ကြီးများသည် ကုန်ပစ္စည်းကိုကြိုတင်ရောင်းဝယ်လေ့ရှိကြပြီး အမှန်တကယ်ရောင်းချရမည့် အချိန်တွင် အကြောင်းကြောင်းကြောင့် ကုန်ပစ္စည်းပေးအပ်နိုင်ခြင်းမရှိနိုင်ပါက မူလပဋိညာဉ်ပြုထားသောဈေးနှုန်းနှင့် ထိုအချိန်တွင်ဖြစ်ပေါ်နေသော ပေါက်ဈေးနှုန်း၏ခြားနားချက်ကို ပေးယူကြသော ထုံးစံရှိ၏။ ထိုပဋိညာဉ်သည် ဈေးနှုန်းအတက်အကျ အပေါ်အခြေခံကာ အရှုံးအမြတ်ငွေကို ရယူခြင်းဖြစ်၍ လောင်းကစားပဋိညာဉ်ဟု တစ်ချို့ကယူဆကြသည်။ သို့ရာတွင် ပစ္စည်းပေးအပ်ချိန်၌ ၀ယ်သူက ပစ္စည်းကိုယူရန် မရည်ရွယ်ဟု မဆိုနိုင်သဖြင့် လောင်းကစားပဋိညာဉ်ဟု ယူဆခြင်းမပြုနိုင်ပေ။ လက်ကားဈေးကွက်တွင်ကြိုတင်ရောင်းဝယ်သည့်စာချုပ်များ ပြုလုပ်ကာ ရောင်းဝယ်ဖောက်ကားလျက်ရှိကြသည်။ ရောင်းသူနှင့် ၀ယ်သူတို့သည် ရောင်းဝယ်ရန် သဘောတူညီထားသော ကုန်ပစ္စည်းကိုပေးအပ်ရန် နှင့် လက်ခံရန် မရည်ရွယ်ဘဲ ရောင်းဈေးနှင့် ပေါက်ဈေးခြားနားချက်ငွေကိုသာ အပေးအယူလုပ်ကြရန် ရည်ရွယ်၍ ချုပ်ဆိုသော ပဋိညာဉ်ဖြစ်ပါက လောင်းကစားပဋိညာဉ်စာချုပ်ဖြစ်သည်။ ထို့ကြောင့် မိမိတို့သည် ရောင်းမှု ၊ ၀ယ်မှု ၊ ကုန်သွယ်မှု တို့နှင့်မကင်းနိုင်သောသူများဖြစ်သည့် အားလျော်စွာ ဥပဒေနှင့်ညီသော၊ ဥပဒေ၏ အကာအကွယ်ကို ရယူနိုင်သော ပဋိညာဉ်စာချုပ်များချုပ်ဆို၍ လိုအင်ဆန္ဒများပြည့်ဝ ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။

No comments:

Post a Comment